နာမည်ကို ဂဏန်းဗေဒင်နှင့် ဆန်းစစ်ခြင်း (ဗေဒင်ဝါသနာအိုး)



တစ်နေ့တွင် သူသည် ကျွန်ုပ်အား တဲအတွင်း၌ ထိုင်စေပြီး A.B.C.D (၂၆) လုံး၏ တန်ဖိုး အဓိပ္ပာယ်တို့ကို ပြောလေ၏။ “ ဒီလို လူကလေးရဲ့ မင်းကို နျူမရော်လော်ဂျီလို့ ခေါ်တဲ့ ဂဏန်းဗေဒင်ကို ဆက်ပြီး အခြေခံရအောင် သင်ပေးရမယ်၊ အဲဒီမှာ A,B,C,D, နဲ့ ဂဏန်းဗေဒင် ဆက်သွယ်ပုံအကြောင်းကိုလည်း သိအောင် ပြောရဦးမယ်” ဟု ဖခင်က ဆိုလေ၏။

ထို့ကြောင့် ကျွန်ုပ်က . . . . . “ပြောပါအဖေ၊ ကျွန်တော် ကောင်းကောင်းကြီး မှတ်ထားပါမယ် ကျွန်တော် အဲဒီပညာကိုလည်း ၀ါသနာ ပါ,ပါတယ်” ဟု ပြောလိုက်လျှင် . . . . “ ဒီလိုကွ၊ မင်းလည်း သိပြီးသားပဲ၊ A,B,C,D, (၂၆) လုံးထဲမှာ ဗာဝက်လို့ခေါ်တဲ့ သရ (၅) လုံး ပါနေတယ် မဟုတ်လား ” ဟု အဖေက ပြောလေ၏။

“ ဟုတ်ပါတယ် အဖေ ၊ A,E,I,O,U (၅) လုံးဟာ သရတွေပါပဲ” ဟု ကျွန်ုပ်က ပြန်၍ ဖြေလျှင်

ကျွန်ုပ်၏ ဖခင်က . . . “ ဂဏန်းဗေဒင်မှာတော့ Y ကိုပါ သရထဲ ထည့်ယူရတယ်၊ A,E,I,O,U,Y, ပေါ့ကွာ၊ အဲဒီ သရ (၆) လုံးရဲ့ အဓိပ္ပါယ်ကို လူလေးကို ပြောပြမယ်” ဟု ဆိုကာ အောက်ပါအတိုင်း ပြောပြလေ၏။

A ဆိုတာက တီထွင်တဲ့သဘော၊ ပင်ကိုယ်ဉာဏ်ကောင်းတဲ့သဘော၊ ကြိုးစားတတ်တဲ့သဘော၊ အဆုတ်မှာ ရောဂါဖြစ်စေတတ်တဲ့ သဘောတွေကို ဖော်ပြတယ်။

E ဆိုတာက စိတ်မခိုင်တဲ့သဘော၊ အတတ်ပညာသင်တဲ့အခါမှာ သင်လွယ် တတ်လွယ်တဲ့သဘော၊ အပြောင်းလဲမြန်တဲ့ သဘောကိုဖော်ပြတယ် ပြီးတော့ ဆီးရောဂါ ဖြစ်တတ်တဲ့သဘော၊ ငွေကြေးလာဘ်ရွှင်တဲ့ သဘောကိုလည်း ဖော်ပြတယ်။

I ဆိုတာ က တစ်ကိုယ်ရေ တစ်ကာယ နေရမှုကို ဖော်ပြတယ်။ စိတ်လွတ် လက်လွတ် နေတတ်မှုကို ဖော်ပြတယ်၊ နှလုံးသား ခံစားမှုကို ဦးစားပေးတတ်တယ်၊ ၀မ်းဗိုက်နဲ့ ရင်ဘက်မှာ ဥပါဒ်ပေးတတ်တယ်။

O ဆိုတာက ဝေ့လည်ကြောင်ပတ် လုပ်တတ်တဲ့သဘောကို ဖော်ပြတယ်။ စကားပြော ကောင်းတတ်တယ်။ ဘာကိုပဲလုပ်လုပ် စေ့စေ့စပ်စပ်လုပ်တတ်တယ်၊ အိမ်ထောင်ရေးမှာ တစ်နည်းမဟုတ် တစ်နည်း စိတ်ညစ်စရာတွေ ကြုံတတ်တယ်။ နှလုံးနဲ့ ပတ်သက်တဲ့ဝေဒနာတွေ ခံစားရတတ်တယ်။

U ဆိုတာ အစဉ်သဖြင့်စိတ်ဟာ ဒွိဟဖြစ်တတ်တယ်။ အတွေ့အကြုံများတဲ့ သဘောကိုဖော်ပြတယ်။ မတော်တဆ ထိခိုက်မှုကိုလည်း ဖော်ပြတယ်။ လည်ချောင်းမှာ ရောဂါရတတ်တယ်။

Y ဆိုတာက ထူးထူးဆန်းဆန်းတွေကို စိတ်ဝင်စားတတ်တယ်။ ဥပမာ ဂန္ဓရီပညာတွေ လောကီပညာတွေ စတာတွေ ကို စိတ်ဝင်စားတတ်တယ်။ အစဉ်သဖြင့် လုပ်ငန်းနှစ်မျိုး ၀င်ငွေနှစ်မျိုး ဖြစ်နေတတ်တယ်။ စိတ်ဝေဒနာ ခံစားရတတ်တယ်။

အဲဒါတွေဟာ အက္ခရာ (၂၆)လုံးထဲက သရ(၆)လုံး သီးခြားအဓိပ္ပာယ်ပဲ။ အဲဒီတော့ နာမည်မှာသာ ဒီသရမျိုးတွေပါရင် အဲဒီသဘာဝတွေ ထည့်သွင်းစဉ်းစားရတယ်။ ရောဂါဝေဒနာကတော့ ဖြစ်မယ်ဆိုရင် ဖြစ်နိုင်တဲ့အတွက် ပြောရတာကျိန်းသေကြီး ဖြစ်မယ်လို့တော့မဟုတ်ပါဘူး၊ အဲဒီတော့ လူကလေးရဲ့ နာမည်ကိုတွက် ကြည့်ရအောင်” ဟု ဆိုကာ အောက်ပါအတိုင်း ကျွန်ုပ်နာမည်ကို မြေပြင်ပေါ်၌ တုတ်ချောင်းနှင့်ပင် ရေးလိုက်လေ၏ ။

THET PYIN “ အဲဒီတော့ မင်းရဲ့နာမည်မှာ သရ(၃) မျိုးပါတယ်၊ သရ(၃)မျိုးစလုံးကို စုပေါင်းပြီး စဉ်းစားရမယ်။ E သရအတွက် ပြောရမယ်ဆိုရင် စိတ်မဆိုးဘူးလို့ ဆိုထားတယ်၊ အပြောင်းအလဲမြန်တဲ့ သဘောကိုလည်း ဖော်ပြထားတယ်။ ပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်ရင်လည်း ဆီးရောဂါကို ဂရုစိုက်ရမယ်။

Y သရအတွက် မင်းဟာ ထူးထူး ဆန်းဆန်းတွေကို စိတ်ဝင်စားမယ်၊ ဂမ္ဘီရပညာ၊ လောကီပညာ ဆိုရင်တော့ မင်းအခုသင်တဲ့ ပညာတွေပေါ့ကွာ၊ ပြီးတော့ လုပ်ငန်းနှစ်မျိုးတစ်ပြိုက်နက်တည်း လုပ်ရလိမ့်မယ်၊ ၀င်ငွေနှစ်မျိုး ၀င်လိမ်မယ်ကွ ဒီသရရဲ့ ဆိုးကျိုးကတော့ စိတ်ရောဂါ ဖြစ်တတ်တယ်ဆိုပဲ။ ဒါလည်းမဖြစ်ဘူးလို့ မပြောနိုင်ဘူးကွ၊ မင်းရဲ့စိတ်မှာ နာကျည်းစရာကိစ္စတွေက ရှိခဲ့ဖူးတာကိုး၊

I သရအတွက် မင်းဟာ တစ်ကိုယ်ရေတစ်ကာယ နေရတတ်တယ်။ တစ်ကောင်ကြွက် ဖြစ်တတ်တယ်ပေါ့ကွာ၊ ပြီးတော့ စိတ်လွတ်ကိုယ်လွတ် နေတတ်တယ်ပေါ့ကွာ၊ နှလုံးသား ခံစားမှုတွေကို အလေးအနက် ထားတတ်တယ်။ ပြီးတော့ ဒဟီသရဟာ မင်းဝမ်းဗိုက်နဲ့ရင်ဘတ်ကို ဂရုစိုက်ပါလို့ သတိပေးထားတယ်ကွ၊ နောက်တစ်ခု လူလေး နားလည်ရမှာက သရဂဏန်းတွေဟာ ပင်ကိုစိတ်သဘာဝကို အတော်လေး နီးနီးစပ်စပ် အကဲခတ် နိုင်အောင် ဖော်ပြလေ့ရှိတယ်၊

ကဲ . . . . လူလေး မောင်သက်ပြင်း မင်းနာမည်ကို ဖော်ပြနေတဲ့ သရ၃ လုံးရဲ့ သဘာဝတွေနဲ့ မင်းနဲ့မကိုက်ညီတာ ဘယ်နှစ်ချက် ပါသလဲ ” မေးလိုက်ရာ ကျွန်ုပ်သည် ဖခင်၏ မေးခွန်းကို နားထောင်ပြီးနောက် “ ကျွန်တော်မှာ ရောဂါတွေ မဖြစ်သေးလေတော့ ရောဂါနဲ့ပတ်သက်ရင်တော့ မှန်တယ် မှားတယ် အဖြေမပေးနိုင်ပါဘူး၊ ဒါပေမဲ့ ကျန်တဲ့ အချက်တွေကတော့ လွဲတဲ့ အချက်တော့ မပါပါဘူး အဖေ ” ပြေလိုက်၏။

ထိုအခါ၌ ကျွန်ုပ်၏ ဖခင်သည် ကျွန်ုပ်အား …….. “ အဲဒီတော့ နာမည်ကို ကြားလိုက်တာနဲ့ အင်္ဂလိပ်စာလုံးပေါင်းပြီး သရ (၆) လုံးကို ထုတ်ရမယ်။ အဲဒီလို ထုတ်ပြီးတဲ့အခါမှာ သရ (၆) လုံးရဲ့ အဲဒီလူရဲ့ စရိုက်လဏ္ခဏာကို အကဲခတ်ရမယ် လူကလေး ” ကျွန်ုပ်အား ပြောပြလေ၏ ။

ကျွန်ုပ်သည် ကျွန်ုပ်၏ ဖခင် အာနန်ဒါအောက်ပါအတိုင်း တွက်ကြည့်လိုက်လေ၏။ A N A N D A R ကျွန်ုပ်၏ အမည်တွင် သရ (၃)လုံး ပါ၏။ ထိုသရ (၃) လုံးမှာ A ဖြစ်၏ ။ ထို့ကြောင့် ကျွန်ုပ်က ဖခင်အား …….. “ အဖေရယ်၊ အဖေ့နာမည်မှာက သရ (၃) လုံးပါတယ်၊ အဲဒါတွေကလည်း A ချည်းပဲ ဖြစ်နေတယ်။ A တစ်လုံးဆိုရင်တော့ ကျွန်တော်ယူဆတတ်ပါတယ်။ A သုံးလုံး ဆိုတော့ ဘယ်လို ယူဆရမလဲ မသိဘူး အဖေ ” ကျွန်ုပ်က ပြောလိုက်ရာ ကျွန်ုပ်ဖခင်က . . . . .

“ ဒီလိုလုပ်ကွာ၊ အဓိပ္ပာယ်ကို၊ ၃ နဲ့ မြှောက်လိုက်ပေါ့၊ A ရဲ့ပထမအဓိပ္ပာယ်က တီထွင်တတ်တယ်ပေါ့ကွာ၊ ၃ ဆတိုးရင် အရမ်း အရမ်းကို တီထွင်တတ်တယ်ပေါ့ကွာ ” ဟုပြောလျှင် ကျွန်ုပ်က . . . . “ ကျွန်တော် သဘောပေါက်ပြီး အဖေ၊ ကျွန်တော် သဘောက်ပေါက်ပြီး ကျွန်တော် ပြောကြည့်မယ်၊ ဟုတ် မဟုတ် အဖေ နားထောင်၊

ဒီလိုလေ အဖေရဲ့၊ အဖေဟာ အလွန့်အလွန် တီထွင်တတ်တဲ့ ဉာဏ်ရှိတဲ့လူပဲ၊ ပြီးတော့ အဖေဟာ ပင်ကိုယ်ဉာဏ်လည်း အလွန့်အလွန်ကောင်းတဲ့ ပုဂ္ဂိုလ်ပဲ၊ နောက်အဖေဟာ အတော့်ကိုဝီရိယ ထုတ်ပြီးကြိုးစားတတ်တဲ့ သူပဲ၊ တစ်ခုတော့ ရှိတယ်။ အဖေ့ဆီ အဆုတ် ရောဂါလာရင်တော့ ပြင်းပြင်းထန်ထန် ကြီးလာလိမ့်မယ် ” ဟု ပြောလိုက်ရာ ကျွန်ုပ်၏ ဖခင် သို့မဟုတ် ဆရာသခင် ကျေးဇူးရှင်သည် ကျွန်ုပ်အား ပြုံးပြုံးကြီး ကြည့်ပြီးလျှင် . . . . “ လူကလေး၊ မင်း ကောင်းကောင်းကြီး တတ်သွားပြီး ” ဟု ပြောဆိုကာ ကျွန်ုပ်၏ ခေါင်းကို လက်ဖြင့် ပွတ်လိုက်လေတော့သတည်း။

မင်းသိင်္ခ
ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

အချစ်စစ်တို့ခိုင်မြဲစေရာ ယတြာ (ဗေဒင်ဝါသနာအိုး)



ယောက်ျား၏ နေ့နံ အသားရယ် မိန်းကလေးရဲ့ နေ့နံ အသားရယ် လိုပါတယ်။ အလုံးလေးတွေပါ။လက်ညှိုးလုံး လောက်ဆိုရပါတယ်။ အရှည်ကတော့ လက်နှစ်ဆစ်ဆိုရပါပြီ။
အကိုင်းလေးတွေ လက်နှစ်ဆစ်လောက် ဖြတ် လိုက်ရင် ရပါပြီ။
အဲဒီ အလုံးလေးတွေကို တခြမ်းဆီခွဲလိုက်ပေါ့။
အားလုံး စုစုပေါင်း အခြမ်း (၄)ခုရတယ်။ ယောက်ျားလေးရဲ့ နေ့နံ အသားက နှစ်ခြမ်း၊မိန်းကလေးရဲ့ နေ့နံအသားက နှစ်ခြမ်းနော်။
ယောက်ျားလေး အခြမ်းနှစ်ခြမ်းမှာ ယောက်ျားလေး အမည်ကိုရေး။ မိန်းကလေး အခြမ်းနှစ်ခြမ်းမှာ မိန်းကလေး အမည်ရေး။
ပြီးရင် ယောက်ျားလေး တစ်ခြမ်းနဲ့ မိန်းကလေး တစ်ခြမ်းကို မျက်နှာခြင်ဆိုင်ပြီး ပူးပြီးတော့ နှီးနဲ့ချဉ်။ နောက်နှစ်ခြမ်းကိုလည်း အဲဒီလို ပူးချဉ်။ ပူးချဉ်ပြီးသား အလုံးလေး နှစ်လုံးရပြီနော်။ တစ်လုံးကိုတော့ စစ်စီးသုတ် ရွှေချပြီး ဆောင်ထားလိုက်ပါ။ နောက်တစ်လုံးကတော့ ရေသန့်သန့်မှာ မျှောလိုက်ပြီး ကိုယ်လိုရာကို ဆုတောင်းလိုက်ပါ။
ယတြာကတော့ ဒီလောက်ပါပဲ။

ဆရာဟိန်းတင့်ဇော်
ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

နက္ခတ်များအကြောင်း (ဗေဒင်ဝါသနာအိုး)



လူနက္ခတ်၊နတ်နက္ခတ်၊ဘီလူးနက္ခတ်

ဒါကြောင့် ကျွန်တော်အခုပြောချင်တာက နက္ခတ်အကြောင်း ပြောတော့မယ်နော်။ ဒါပေမယ့် ကျွန်တော် ကြိုပြော ထားချင်တာက အိမ်ထောင်ရေးဇာတာတိုက်ဖို့ မဟုတ်ဘူး။ ချစ်သူနှစ်ဦး ဇာတာတိုက်ဖို့ မဟုတ်ဘူးနော်။ ဒါဆို ဘာလုပ်ဖို့လည်းဆိုရင်။ နက္ခတ်နဲ့ သူ့အကြိုက်။ ကိုယ့်အကြိုက် သိအောင်လုပ်တဲ့နည်း။ ဒီနည်းလေးက လူတွေနဲ့ ဆက်ဆံရေးအတွက်တော့ အရမ်းကောင်းတာ။ ကျွန်တော်တို့ အဘမင်းသိင်္ခ တပည့်တွေတိုင်း သိတယ်။ အသုံးပြုနေကျနည်းလေးပဲ။ ဒီနည်းလေးကို သိလိုက်တာနဲ့ သင်ဟာ သင့်ပတ်ဝန်းကျင် ၊ သင့်မိသားစု အသိုင်းအ၀ိုင်းတွေကြားမှာ အိုကေမှာ စိုပြေသွားစေရမယ်။ အာမခံတယ်။ မကောင်းဘူးလား။

အဲဒီတော့ ပထမဆုံ နက္ခတ်ဘယ်လိုတွက်သလဲ စလိုက်ကြအောင်။ လွယ်ပါတယ်။ တော်တော်လေးကို လွယ်ပါတယ်။ (၃) အလီရတာနဲ့ကို ရပြီ။

မြန်မာမွေးသက္ကရာဇ်ကို (၃) နဲ့စားပါ။

(၁)-ကြွင်းရင်- နတ်နက္ခတ်။

(၂)-ကြွင်းရင်-လူနက္ခတ်။

(၀)-ကြွင်းရင်- ဘီလူးနက္ခတ်။

ဒါပဲ၊ ဒီလောက်ပဲ။ အမလေးလေး လွယ်လိုက်တာ။ ကဲ ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို ကိုယ်ပြန်တွက်ကြည့်။ ကိုယ် ဘာနက္ခတ်လဲ ဆိုတာ။ စက္ကန့်ပိုင်းအတွင်း သိရပြီ ဟုတ်။

နက္ခတ်နဲ့ စရိုက်။

နတ်နက္ခတ်။
နတ်နက္ခတ်မွေးဖွားတဲ့ လူတွေဟာတဲ့ နှလုံးသား နူးညံ့ပျောပျောင်းတယ်။ သူတို့က အချော့ကြိုက်တယ်။ အလှအပ အနုအရွလေးတွေကို မြတ်နိုးတတ်တယ်။ ညင်ညင်သာသာ ဆက်ဆံတာကို ကြိုက်တယ်။ သူတို့ကို သွားပြီး ကြမ်းလို့ မရဘူး။ တိုးတိတ်ညင်သာစွာ ဆက်ဆံတာကို လိုချင်တယ်ဆိုတော့ သင် စဉ်းစားရမှာက သင်ဆက်ဆံရမယ့်လူက ဘာနက္ခတ်လဲပေါ့။ နတ်နက္ခတ်ဖြစ်နေပြီ ဆိုရင်တော့ ပထမဆုံး သင့်ရဲ့ အသံကို (၃)ပေါက်လောက်အထိ လျှော့ချပစ်ရမယ်။ လုံးဝ အသံလေးက နူးနူးညံ့ညံ့လေး။ ဟုတ်ပြီနော်။ သင်ပြောတဲ့ စကားသံလေးတွေ စကားလုံးလေးတွေက စပြီး သတိထားရတော့မယ်။ စကားလုံးလေးတွေက လည်း တကယ့်ကို အနုအရွလေးတွေနဲ့ ပြောရမယ်နော်။ အရေးကြီးတာက နတ်နက္ခတ်သမားကို သွားပြီး မအော်မိစေနဲ့နော်။ ဒါ အရေးကြီးဆုံးပဲ။

လူနက္ခတ်။
အဲ လာပြီ လူနက္ခတ်က တကယ့် ဆရာကြီးတွေ။ လူဆိုတော့ စဉ်းစား ဆင်ခြင်ညာဏ် များတယ်ပေါ့။ သူက ဘလိုင်းကြီး လက်မခံဘူး။ အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမှ သူက လက်ခံတာ။ အသံအနေအထား ကတော့ပုံမှန်ဆိုရပြီ။ တိုးဖို့လဲ မလိုဘူး။ ကျယ်ဖို့လဲ မလိုဘူး။ အနေအထားကတော့ မတိုးမကျယ်ပေါ့။ ဒါပေမယ့် အရေးကြီးတာက ကိုယ် ဆက်ဆံနေရတဲ့ လူက လူနက္ခတ်ဆိုတာကို မမေ့နဲ့။ အဲဒီတော့ ကိုယ်ပြောရမှာက ဘလိုင်းကြီး သွားပြောလို့ သူက လက်မခံဘူး။ အကျိုးအကြောင်း ပြချက်တွေ ခိုင်လုံမှ သူက လက်ခံမှာ။ ဥပမာ ဆိုကြပါစို့။ ၂၀၁၂-ခုနှစ်မှာ ကမ္ဘာကြီးပျက်မယ်လို့ လုံးဝ သွားမပြောနဲ့။ သူက ခင်ဗျားစကားကို လုံးဝလက်ခံမှာ မဟုတ်ဘူး။ အခု အနေအထားက ဘယ်လိုဖြစ်နေတဲ့ အတွက်ကြောင့် အဲ.. ၂၀၁၂ ခုနှစ်ရောက်ရင် ကမ္ဘာကြီးက ပျက်မယ်လို့ ပြောကြတယ်။ ဘာညာပေါ့။ အဲဒီလို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမယ်ဆိုရင်တော့ သူက နားထောင်လိမ့်မယ်။

ဘီလူးနက္ခတ်။
ဘီလူးဆိုတဲ့အတိုင်း ခပ်ကြမ်းကြမ်းနဲ့ စရမယ်။ ကြားဖူးတယ် မမဟုတ်လား။ ဘီးလူးဆိုင်းတီးပြီး ၀င်လာတယ် ဆိုတာ။ ဘီလူးနက္ခတ်သမားတွေက သူတို့က ပြတ်သားမှကြိုက်တယ်။ သူတို့ကို သွားပြီး ဖွဲ့နွဲ့နေလို့ လုံးဝ မကြိုက်ဘူး။ နောက် အသံအနေအထား။ သူကတော့ ထုံးစံအတိုင်း (၇)သံချဉ်ပေါ့။ အသံကလည်း ကျယ်မှ ။ စကားကလည်း တိုတိုတောင်းတောင်း ပြတ်ပြတ်သားသားမှ ကြိုက်တာ။ ပျော့စိစိတော့ သွားမလုပ်နဲ့နော်။ သူက ခင်ဗျားကို အချောက်ထင်သွားလိမ့်မယ်။

ကဲ ကိုယ်ဘာနက္ခတ်လဲ ကိုယ့်မောင်နှမ ချစ်သူ က ဘာနက္ခတ်လဲဆိုတာကို တွက်ကြည့် နားလည်ပြီး သဘောထားကွဲလွဲခြင်းများမှ ကင်းဝေးပြီး သူ့အကြိုက် ကိုယ့်အကြိုက် လိုက်နိုင်ကြပါစေ

ဆရာဟိန်းတင့်ဇော်
ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

မှဲ့ အရောင်များအကြောင်း (ဗေဒင်ဝါသနာအိုး)



လူတို့၏ ခန္တာကိုယ်ပေါ်တွင် စွဲတင်ကျန်နေသော မှဲ့အမျိုးမျိုးတို့မှာ အရောင်အသွေးများစွာရှိပါတယ်။

အဲ့ဒါတွေကတော့ -
မှဲ့ဖြူ
မှဲ့နီ
မှဲ့ညို
မှဲ့နက်
မှဲ့ဝါ
မှဲ့စိမ်း
မှဲ့ရှင်တို့ဘဲဖြစ်ပါတယ်။

(၁)မှဲ့ဖြူအကြောင်း - ကောင်းလည်းမကောင်း၊ ဆိုးလဲမဆိုးဘဲ အလယ်အလတ်တွင်ရှိပါတယ်။

(၂)မှဲ့နီအကြောင်း - ကောင်းကျိုးကို ထူးကဲစွာ ပေးတတ်ပြီး ဆိုးကျိုးပေးရာ တွင်လည်းထူးကဲပါတယ်။

(၃)မှဲ့ညိုအကြောင်း - တဖက်သားကို ကြင်နာပြီး သနားခါသမာဓိရှိတတ်သည်။

(၄)မှဲ့နက်အကြောင်း - ကောင်းကျိုးပေးရာတွင် နည်းပါးတတ်သည်။

(၅)မှဲ့ဝါအကြောင်း - စိတ်ကူးယဉ်တတ်ပြီး သုခုမ၀ါသနာပါသူဖြစ်သည်။

(၆)မှဲ့ရှင်အကြောင်း - အရောင်အသွေး ကွဲပြားမှု အတိအကျမရှိသဖြင့် ဖော်ပြထားသော အရောင် (၆)မျိုးမှ တစ်ခုခုဖြစ်နိုင်ပါသည်။

မှတ်ချက်အနေနဲ့အတော့ မှဲ့စိမ်းသည် ရှာမှရှားသောမှဲ့ဖြစ်သောကြောင့် မပါဝင်ပါခင်ဗျာ။

ယေဘုယျအားဖြင့် မှဲ့အဟောများမှာ

ညာဘက်အောက်နှုတ်ခမ်းတွင် မှဲ့ရှိလျှင် ချစ်ခင်သူပေါသည်။

မျက်ခုံးနှစ်ခုကြားတွင်း မှဲ့ရှိလျှင် ကျော်ဇောတတ်၊ ရက်စက်တတ်သူဖြစ်နိုင်သည်။

နှာခေါင်း တွင်မှဲ့ပါလျှင် အနုပညာထက်သန်တတ်၊ စိတ်ကူးယဉ်တတ်တယ်။

စပါးတင်မှဲ့ပါလျှင် စန်းပွင့်တတ်၊ချစ်သူရည်းစားပေါတတ်သည်။

မျက်ရည်ခံမှဲ့ပါလျှင် ချစ်သူရည်းစား၊ အိမ်ထောင်ဘက်ဘေးတွေ့တတ်သည်။

မှဲ့စလွယ်ပါခဲ့သော်ဘ၀ဟောင်းက အကြီးအကဲမင်းဖြစ်တတ်သည်။

သားမြတ်တွင်မှဲ့ပါခဲ့လျှင် သားသမီးအကျိုးခံစားရတတ်သည်။

ယောင်္ကျားအင်္ဂါမှဲ့ပါခဲ့လျှင်ရှေးဆရာကြီးများအဆိုအရ အိမ်ထောင်ဆက်များတတ်သည်။

အမျိုးသမီးအင်္ဂါတွင် မှဲ့ပါလျှင် အိမ်ထောင်ပျက်တတ်သည်။ အိမ်ထောင်ဘက်သေဆုံးတတ်သည်။ အညှလွယ်ပြီး မူယာမာယာများတတ်သည်။ ရမ္မက်ကြူးပြီး လင်ယောင်္ကျားအပေါ် လော်လီတတ်၏။

ပုခုံးပ်ါမှဲ့ပါခဲ့သော် ပင်ပန်းဆင်းရဲတတ်၏။ လက်ဖ၀ါးမှဲ့ပါခဲ့သော် သြဇာ ညောင်း၏။ ခြေဖ၀ါးမှဲ့ပါသော် ကြမ်းတမ်းသောအမှုပြုတတ်သူ ဖြစ်၏။

(ကာလီဒါသ မှဲ့သျှတ္တရအဆို)
ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

မိန်းမတို့ မှဲ့ အဟော



(၁) နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတလုံးတည်းရှိလျှင် ဂုဏ်ဓနနှင့်ကျော်စောသော လင်ယောက်ျားကို ရတတ်သည်။ အိမ်ထောင်ဆက် များတတ်သည်။သားယောက်ျားများ ထွန်းကားသည့်မိခင် ဖြစ်ပါလိမ့်မည်။

(၂) ညာဘက်နားထင် မျက်ခုံး၏ အနီးအနားပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသော ချမ်းသာတတ်ပါသည်။ အိုဇာတာ ကံကောင်းမည်။မိမိသြဇာကို နာခံမည့် လင်ယောက်ျားအား ရတတ်သည်။အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည်။
သားယောက်ျားမွေးပြီး အကျိုးပေးတတ်သည်။

(၃) အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောက်ျားများ ပေါများတတ်သည်။ယောက်ျားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။မိမိကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည်။
အစားအသောက်ကောင်းများကို အထူးကြိုက်နှစ်သက်သူဖြစ်သည်။

(၄) ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ်တတ်ပါသည်။တဖက်သားပြောလာသည့်စကားကိုမစဉ်းစားဘဲ အယုံလွယ်တတ်ပါသည်။ ယောက်ျားများ၏ စိတ်ဝင်စားခြင်း၊ အရေးပေခြင်းကို ခံရတတ်သည်။

၅) ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင် လူချစ်လူခင်များတတ်သည်။ စန်းအလွန်ပွင့်တတ်သည်။လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည်။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။ကံကောင်းသူ ဖြစ်တတ်ပါသည်။

(၆) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြွယ်ဝတတ်ပါသည်။

(၇) ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ခြင်း မပြုရဘဲ အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည်။

(၈) ညာဘက်သားမြတ် (သို့) ဘယ်ဘက်သားမြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏စွန့်ပစ်ခြင်းကို ခံရတတ်သည်။ပစ္စည်းချမ်းသာသော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်သည်။လောဘရမ္မက် ကြီးတတ်သည်။ မုဆိုးမ ဖြစ်တတ်ပါသည်။ ကံဆိုးတတ်ပါသည်။

(၉) ရင်၏အလယ်ဗဟိုတည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည်။ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောက်ျားကို ရတတ်သည်။သားကောင်း သမီးကောင်း ထွန်းကားတတ်သည်။

(၁၀) မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည်။ ကတော်မယား ဖြစ်တတ်ပါသည်။ လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည်။ မည်မျှဆိုးသွမ်းသော ယောကျာ်ား ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့် ပေါင်းဖက် နိုင်ပေတော့သတည်း။

ဂမ္ဘီရမဂ္ဂဇင်း
ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

ယောက်ျားတို့၏ မှဲ့ တည်နေရာနှင့် အဟော (ဗေဒင်ဝါသနာအိုး)



(၁) နဖူးပြင်တည့်တည့်တွင် မှဲ့ရှိလျှင် ငွေကြေးနှင့်ပတ်သက်၍ အစွပ်အစွဲခံရတတ်၏။အပူသောကများလိမ့်မည်။မိမိတွင် ရှိသည်ထက်ပို၍ လူအများက ချမ်းသာသည်ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခတွေပရတတ်ပါသည်။

(၂) ညာဘက်မျက်ခုံးမွေးပေါ်တွင်ရှိလျှင် ချမ်းသာတတ်ပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။လောကီစည်းစိမ်အဝဝကို သုံးဆောင်ခံစားရတတ်သည်။

(၃) ဘယ်ဘက်မျက်ခုံးမွေးပေါ်တွင် မှဲ့ရှိလျှင် အရက်သမား၊ ကြက်သမား၊ လောင်းကစားသမား ဖြစ်တတ်သည်။လောင်းကစားမှုကို ဇနီးမယားထက်ပင် ပိုမို၍ ချစ်ချင်စွဲလမ်းနှစ်သက်ပါသည်။

(၄) နှာခေါင်းတည့်တည့် (နှာသီးထိပ်ဖျား)တွင် မှဲ့ရှိလျှင် စာပေ၊ ဇာတ်သဘင်၊ တေးဂီတ အနုပညာရပ်များဖြင့် ထင်ရှား၍ အောင်မြင်ကျော်ကြား တတ်ပါသည်။

(၅) ဘယ်ဘက်မျက်ခမ်းအောက်နားတွင် မှဲ့ရှိလျှင် လူမုန်းများတတ်သည်။အလုပ်လုပ်ကိုင်ရာတွင် အတိုက်အခံနှင့် ကြုံရတတ်သည်။ငယ်စဉ်အခါက ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရလိမ့်မည်။အချစ်ရေးတွင် စွန့်စားတတ်သည်။ တဇွတ်ထိုးလုပ်တတ်သည်။ ဇနီးမယားကို

ချစ်ခင်သူဖြစ်မည်။ဇနီးသည်၏ သြဇာလွှမ်းမိုးမှုကို ခံရတတ်ပါသည်။

(၆) ညာဘက်ပါးမို့တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းကလေးများ စိတ်ဝင်စားခြင်းကို ခံရတတ်သည်။ မျက်နှာပွင့်လန်းတတ်ပါသည်။ လောကကို တရားသဘောဖြင့် ရှုမြင်တတ်သောသူ ဖြစ်သည်။အသက်ကြီးရင့်လာလျှင် ရသေ ရဟန်း ပြုတတ်သည်။ အများအကျိုးဆောင်သည့်

သာသနာပြုပုဂ္ဂိုလ် ဖြစ်တတ်ပါသည်။

(၇) ဘယ်ဘက်ပါးပေါ်တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းမချောများ (သို့မဟတု) ထင်ရှားကျော်ကြားသော မိန်းမနှင့် အိမ်ထောင်ကျတတ်ပါသည်။ မိန်းမတို့၏ ချစ်ခင်စွဲခြင်းကို အထူးသဖြင့် ခံယူရတတ်ပါသည်။

(၈) ညာဘက်ပါးပြင်၌ အောက်ဘက်နားတွင် မှဲ့ရှိလျှင် ချမ်းသာလျှင်လည်း ခဏတာမျှသာ ဖြစ်သည်။ဆင်းရပြင်ပန်းတတ်သည်။

(၉) ဘယ်ဘက်ပါးပြင်အောက်တွင် ထင်ရှားစွာ မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည်။ ဘယ်အလုပ်မဆို အောင်မြင်၍ နာမည်ကျော်ကြား တတ်ပါသည်။

(၁၀) မေးစေ့တည့်တည့်တွင် မှဲ့ရှိလျှင် ကိုယ်ပိုင်လုပ်ငန်းဖြင့် ကြီးပွားချမ်းသာ တတ်ပါသည်။ သတင်းကောင်းဖြင့် ကျော်ကြားအောင်မြင်မည်။

(၁၁) မေးစေ့နားတဝိုက်တွင် ထင်ရှားသောမှဲ့ရှိလျှင် ဒုက္ခဆင်းရဲ အမျိုးမျိုးတို့ကို ကြုံတွေ့ရတတ်ပြီး နောက်ဆုံးတွင် အောင်မြင်တတ်သည်။ ကမ္ဘာကျော်သည့်ပုဂ္ဂိုလ်ထူးများတွင်လည်း ပါရှိသည်။

(၁၂) မျက်ရည်စီးကျရာ လမ်းကြောင့်တည့်တည့် (ဝဲ,ယာ)တွင် မှဲ့ရှိလျှင် မယားဆုံးတတ်သည်။(သို့မဟုတ်) အိမ်ထောင်ရေး ညံ့တတ်သည်။ စီးပွားရှာရာတွင် ပင်ပန်းတတ်ပါသည်။

(၁၄) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည်။ အလုပ်အကိုင် အကြံအစည် အောင်မြင်တတ်သည်။ ဆင်းရဲလျှင်လည်း တခဏတာဖြစ်၍ မမျှော်လင့် မထင်မှတ်သော အကြောင်းတခုခုဖြင့် ချမ်းသာတတ်ပါသည်။

(၁၅) ဘယ်, ညာ လက်မောင်း (သို့မဟုတ်) လက်ဖျံ ဘယ်,ညာတွင် မှဲ့ရှိလျှင် ဆင်းရဲသူဖြစ်ပါက လူလတ်တန်းစားဘဝဖြင့် အဆင်ပြေတတ်သည်။ အလယ်အလတ်တန်း အဆင့်ဖြစ်လျှင် ဇောတိကသူဌေးကဲ့သို့ ချမ်းသာကြွယ်ဝသောသူဌေး ဖြစ်တတ်ပါသည်။

(၁၆) ရင်ဘတ် ဘယ်ဘက်နှင့် ညာဘက်တွင် မှဲ့တလုံးစီ ရှိ၍ ရင်ဘတ်အလယ်တည့်တည့်တွင် မှဲ့တလုံး၊ ခါးနားတွင် မှဲ့တလုံး၊ ပါရှိခြင်းကို မှဲ့စလွယ်ဟု ခေါ်ဆိုသည်။ အသက်ရှည်၍ ဗဟုသုတ ဉာဏ်အမြော်အမြင် ကြီးမားသော ရှေးလူကြီးများ၊ ရသေ့ပညာရှိကြီးများ၏ အဆိုအမိန့်အရ

ယောက်ျားတွင် မှဲ့စလွယ်ရှိခြင်းသည် ယခင်ဘဝဟောင်းက မင်းဖြစ်ခဲ့သူဖြစ်သည်ဟု အဆိုအမိန့်ရှိကြ၏။မှဲ့စလွယ် ပါရှိသောသူသည် ဆင်းရဲဒုက္ခနှင့် မကြုံရဘဲ အဆင့်အတန်းမြင့်သည့် ဘဝမျိုးနှင့် နေနိုင်ရလိမ့်မည်။ လူအများ၏ ကြည်ညိုလေးစားခြင်းကို ခံ၇တတ်သည်။
ဇနီးမယားအပေါ်တွင် သြဇာညောင်း တတ်ပါသည်။

(၁၇) ဘယ်ဘက် (သို့မဟုတ်) ညာဘက် ပေါင်တွင် မှဲ့ရှိလျှင် လျင်မြန်ဖျတ်လတ်သူ ဖြစ်တတ်သည်။လူမှုရေးကိစ္စ အဝဝကို သိနားလည်ပြီး အကင်းပါးသူ ဖြစ်တတ်သည်။

(၁၈) တင်ပါး၏ ဘယ်ဘက် (သို့မဟတု) ညာဘက်တွင် မှဲ့ရှိလျှင် အရှက်အကြောက် အလွန်ကြီးတတ်ပါသည်။ စိတ်သဘောထား နုတတ်သည်။ယောက်ျားဖြစ်ပါလျက်နှင့် တခါတရံတွင် မိန်းမဆန်သော အပြုအမူအနေအထိုင်များကို တွေ့ရတတ်သည်။

(၁၉) ခြေဖဝါးအလည်တည့်တည့်တွင် မှဲ့ရှိလျှင် တနေရာတည်းတွင် အတည်တကျနှေုမရဘဲ ခြေသလုံးအိမ်တိုင်ဘဝဖြင့် သွားလာနေထိုင်ရကာ ဘဝဆုံးပါးပျက်စီးတတ်ပါသည်။

(၂၀) ဘယ် (သို့မဟုတ်) ညာ ခြေဖမိုးတွင် မှဲ့ များစွာ ပါရှိလျှင် သူရဲကောင်းဖြစ်တတ်သည်။(သို့မဟုတ်) လူဆိုး၊ ဓားပြ ဖြစ်တတ်ပါသည်။တုတ်၊ ဓား၊ လှံ စသည့် လက်နက်ကိရိယာများကို ဆောင်ထားတတ်သည်။တိုက်ခိုက်ရေးပညာများတွင်လည်း ဝါသနာပါ၍ ပညာရှင်ဖြစ်တတ်သည်။

(၂၁) ရင်ညွန့်တည့်တည့်တွင် ထင်ရှားသော မှဲ့ရှိလျှင် သူတော်ကောင်း သူမြတ်လောင်း ဖြစ်တတ်သည်။တရားဓမ္မ နှလုံးသွင်းတတ်သည်။လောကီ သမထဈာန်တန်ခိုးဘက်သို့ လိုက်စားတတ်သည်။သိဒ္ဓိ မဟိဒ္ဓိ တန်ခိုးများရ၍ ပေါက်မြောက်နိုင်သည်။

(၂၂) ညာဘက်လက်တွင် မှဲ့ပါရှိလျှင် ငွေကြေးကို အကြောင်းပြု၍ အမှုဖြစ်တတ်ပါသည်။ကပ်စေးနှဲသူ၊ မိမိကိုယ်ကျိုး တခုတည်းကိုသာ ကြည့်မြင်တတ်သူ ဖြစ်တတ်ပါသည်။

(၂၃) လက်ဖဝါးပြင်၏ ဘယ် ညာ နှစ်ဖက်စလုံး၏ အလယ်တည့်တည့်တွင် ထူးထူးခြားခြား မှဲ့အစိမ်းတလုံး ပါရှိလျှင် လူအများ၏ ကြည်ညိုလေးစားခြင်း ခံရသော ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင် ဖြစ်တတ်ပါသည်။ဝိဇ္ဇာဓိုရ်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင် ပုဂ္ဂိုလ်များနှင့် ပဋ္ဌာန်းဆက်ရှိသူဖြစ်သည်။
ဝိဇ္ဇာလမ်းသို့ လိုက်စားလျှင် ဆရာသမားကောင်းနှင့် တွေ့ပြီး သိဒ္ဓိရတတ်ပါသည်။

ဂမ္ဘီရမဂ္ဂဇင်း
ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh

မိန်းကလေးတွေရဲ့ ထင်ရှားတဲ့ မှဲ့(၇)မျိုး



မိန်းကလေးတွေမှာ ထင်ရှားတဲ့ မှဲ့(၇)မျိုးရှိတယ်လို့ မှဲ့နဲ့ပါတ်သက်တဲ့ ကျမ်းတွေမှာဆိုတယ်။ အဓိက မှဲ့တွေပေါ့ဟာ။ အဲဒီ မှဲ့ (၇)မျိုးက ဘာတွေလည်းဆိုတော့ ....

ရတနာဆံကျစ်(ရွှေအိုး)လို့ ခေါ်တဲ့မှဲ့ရယ်။

ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။

မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)

မျက်ရည်ခံမှဲ့ (ညာရယ်)

နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။

ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။

စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုးရှိတယ်။

အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို ၇တနာရွှေအိုးလို့ ခေါ်တယ်။ အဲဒီမှဲ့ ရှိတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ကြွယ်ဝချမ်းသာလေ့ ရှိတယ်။ နာမည်ဂုဏ်သတင်း ကျော်ကြားတတ်တယ်။ နောက်ပြီး

သူတို့တွေဟာ အလုပ်ဌာနတွေမှာ အကြီးအကဲ ခေါင်းဆောာင်ဖြစ်လေ့ရှိတယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခနပဲ။ ဆင်းရဲတွင်းတဲ ကျနေရင်လည်း ခဏပဲ။ မုချ ကြီးပွားချမ်းသာမယ့် သူတွေ ဖြစ်တယ်။ အဲဒီလို ၇တနာရွှေအိုး မှဲ့ပါနေတဲ့ အမျိုးသမီးတွေ ဟာ ကျော်နီ ၊ ပတ္တမြား၊ စိန် ၊ နှစ်သက်ရာ တစ်ခုခုကို လက်သူကြွယ်မှာ ၀တ်ဆင်ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။

နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာဆီမီးထွန်း လို့ခေါ်တယ်။ အဲဒီလို မှဲ့ရှိတဲ့ အမျိုးသမီးတွေကြတော့ ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာကြတယ်။ အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။

နောက်ပြီး သားကောင်း သမီးကောင်တွေ ထွန်းကားကြတယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေ နောက် ထင်ပေါ်ကျော်ကြားတဲ့ သားသမီးရတနာတွေကို ဖွားမြင်နိုင်ကြတယ်။ ဘာသာရေးဆိုရင်လည်း အရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ် လုပ်လေ့ရှိတယ်။ ဒီဘ၀တွင် ဘာသာတရားလိုက်စားမယ်ဆိုရင်တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။

နောက်တစ်မျိုးက ဘယ်ဘက်မျက်ခန်းနဲ့ အထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။ ဘယ်လောက်ပဲ ငွေကြေးတွေ စည်းစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘ၀ ကတည်းက ကြမန်းတမ်းတဲ့ ဘ၀ခရီးကို အကွေ့အကောက်များစွာနဲ့ ဖြတ်သန်းရတတ်တယ်။ နောက်ပြီး အိမ်ထောင်ဆက်လဲ များတတ်တယ်။ သူတို့တွေဟာ အနက်ရောင်ဆိုရင် လုံးဝမ၀တ်သင့်ဘူး။ ရှောင်သင့်တယ်။ ကျောက်စိမ်းကိုလည်း မ၀တ်သင့်ဘူး။ စိန်၊ ဥဿဖယား ၊ ပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ၀တ်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက်အောက်မျက်ခမ်းနဲ့ အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘ၀တစ်လျှောက် ဆုံးရှုံးမှု့ကြီး များစွာနဲ့ ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ်တယ်။ မမျှော်လင့်ပဲ ခင်ပွန်းသည် သေဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အမျိုးသမီးတွေဟာ ဘာသာတရားကို အထူဒလိုက်စားပြီး ကိုယ်ကျင့်တရား အထူးကောင်းမွန်အောင် နေထိုင်ရမယ်။ ကုသိုလ်ကောင်းမှု့ တရစပ်ပြုလုပ် ဆောင်ရွက်ရမယ်။ အကျင့်သီလကို အကောင်းဆုံး ဖြစ်အောင် နေထိုင်ရမယ်။ မွေးနေ့တိုင်း ပန်းဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ ဥဿဖယား လက်ဝတ်ရတနာတို့ကို ၀တ်ဆင်ဆောင်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ နှုတ်တဆိတ် လို့ ခေါ်တယ်။ ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို နှုတ်တဆိတ် လို့ခေါ်တယ်။ အဲဒီမှဲ့ ပိုင်ရှင်တွေဟာ စကားပြောအတော် ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။

စကားပြောပရိယာယ် ကြွယ်ဝတယ်။ မူယာမာယာ များတတ်ကြတယ်။ အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။ အဲဒီမှဲ့ ပိုင်းရှင်များဟာ စိန်ရယ် မြရယ် ပြောင်ခေါင်းစိမ်းရတနာတို့ကို ၀တ်ဆင်သင့်တယ်။ အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလို
ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။

နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ်တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့။ ချစ်ခင်နှစ်သက်သူများ ၀န်းရံနေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အားကြီးများတယ်။ စန်းပွင့်တယ်။ အိမ်ထောင်ဘက် အမျိုးသား၏ အကျိုးကျေးဇူးကို ခံစားရတယ်။ အဖြူရောင် အစိမ်းရောင် ရတနာမှန်သမျှ ၀တ်ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံးဝ ရှောင်ထားသင့်တယ်။

နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။ သူတို့တွေဟာ နာမည်ကျော်ကြားထင်ရှားမယ်။ လူတစ်ဦးကို အလွယ်တကူ နှစ်သက်တတ်တယ်။ ကိုယ့်အပေါ်ကို အိမ်ထောင်ဘက်က ချစ်ခင်အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက်လေ့ရှိတယ်။ သူတို့တွေရဲ့ အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရလေ့ရှိတယ်။ သူတို့တွေအတွက် အကောင်းဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲတန်ဆာ ကို ရွှေနဲ့ လုပ်ပြီး ဆောင်ထားသင့်တယ်။ အဖြူရောင် ကျောက်မျက်ရတနာ မျိုးစုံနဲ့ သင့်မြတ်တယ်။

ဖြူးသားလေး
ဗေဒင်ဝါသနာအိုး Page မှာ Like လုပ်ထားခြင်းဖြင့် ဗေဒင်အခမဲ့ ဖတ်နိုင်ပါပြီ
https://www.facebook.com/baydinwartanaroh